Tuesday, January 29, 2013

အိုဘာမားမိန့်ခွန်းထဲက

ဒီနေ့ ကိုယ့်အတွက် အရမ်းပျော်စရာကိစ္စတစ်ခု ဖြစ်ခဲ့တယ် ။ အိုဘာမားမိန့်ခွန်းထဲက အဓိပ္ပါယ်ပေါက်သလိုလိုနဲ့ မပေါက်ဖြစ်နေတဲ့ စကားတစ်ခုကို ရှင်းအောင် သိလိုက်ရလို့ပါ ။

စာကြောင်းက It’s not enough to trade a prison of powerlessness for the pain of an empty stomach. တဲ့ ။ တိုက်ရိုက်ပြန်ရင်တော့ '' အာဏာမဲ့မှုထောင်ကို ဆာလောင်တဲ့ဒဏ်နဲ့ လဲလို့မလုံလောက်ဘူး '' လို့ ထွက်တာပေါ့ ။

လက်လှမ်းမှီသလောက်ဖတ်မိတဲ့ပြန်ဆိုချက်တွေထဲမှာ အဲဒီစကားကို တိုက်ရိုက်ပြန်ထားတာတွေ့တယ် ။ အင်မတိအင်မတန် နာမည်ကြီးတဲ့ ဂျာနယ်တစ်စောင်က ပြန်ဆိုထားချက်ကို ဖော်ပြမယ် ....အင်္ဂလိပ်လိုမူရင်းပါ ဖတ်ကြည့်ပါ ၊ အောက်က context နဲ့ လုံးဝမကိုက်ဘူး ။

It’s not enough to trade a prison of powerlessness for the pain of an empty stomach. But history shows that governments of the people and by the people and for the people are far more powerful in delivering prosperity. And that’s the partnership we seek with you.

'' ဟောင်းလောင်းဖြစ်နေတဲ့ အစာအိမ်တွေအတွက် အာဏာမဲ့ဖြစ်မှုဆိုတဲ့ အကျဉ်းထောင်နဲ့ အစားထိုးရုံနဲ့ မလုံလောက်ပါဘူး။ ဒါပေမဲ့ သမိုင်းကပြနေတာက ပြည်သူတွေရဲ့ အစိုးရ၊ ပြည်သူတွေကို ကိုယ်စားပြုတဲ့ အစိုးရ၊ ပြည်သူတွေအတွက်ဖြစ်တဲ့ အစိုးရတွေဟာ ချမ်းသာဝပြောမှုဆိုတာကို ပေးစွမ်းနိုင်ရုံထက်ပိုပြီး အားကြီးတယ် ဆိုတာပါ။ ဒါကြောင့် ခင်ဗျားတို့နဲ့ မိတ်ဖက်ဖြစ်မှုကို ရှာဖွေနေတာပါ။ ''

ပထမစာကြောင်းက အလွတ်ကြီးထွက်နေတယ် ။ မြန်မာမှာဆိုရင်လည်း စကားပုံတွေ ၊ ဆိုရိုးတွေကို ထည့်ထည့်ပြောကြသလိုပေါ့ ။ ဥပမာ '' ငါ့လှေငါထိုး ပဲခူးရောက်ရောက်ပေါ့ကွာ ၊ ဘာဖြစ်လဲ '' ဆိုတာကို မြန်မာစာသင်ထားတဲ့ နိုင်ငံခြားသားကို သွားပြောကြည့်ပါလား ။ စကတည်းက အဓိပ္ပါယ် မသိထားရင်ကြောင်နေမှာပေါ့ ။

အဲဒီတော့ ဘာသာပြန်ဆိုတဲ့အခါမှာ ဖတ်တဲ့ပရိသတ်ရဲ့အခြေအနေကို ကြည့်ပြီး ဖတ်တဲ့လူနားလည်အောင် အဓိပ္ပါယ်မပျက် ဖြေလျော့ပြီး ပြန်ရတာမျိုးရှိတယ် ။ အဓိပ္ပါယ်တော့ လုံးဝ မပျက်ရဘူး ။

တကယ်တော့ ကိုယ်လည်း အဲဒီအဓိပ္ပါယ်ကို အစကတည်းကသိလို့ ပြောနေတာမဟုတ်ပါဘူး ။ ကြည့်လိုက်ကတည်းက တင်စားထားတယ်ဆိုတာတော့ သိတယ် ။ ဒါကြောင့်လည်း ရမ်းသမ်းမလုပ်ရဲတာ ။

ဒါနဲ့ အဲဒီမိန့်ခွန်းကို ပရင့်ထုတ် အင်္ဂလိပ်စာဆရာတစ်ယောက်ယောက်ကို မေးမယ်ဆိုပြီး ကျောင်းကိုယူသွားတယ် ။ အရေးထဲ အင်္ဂလိပ်စာဌာနမှာ workshop အသစ်အတွက် အင်တာဗျူးတွေ လုပ်နေတော့ ဆရာတွေ တစ်ယောက်မှ မအားဘူး ။ ဒါနဲ့ အနည်းငယ် စိတ်ညစ်ပြီး ပြန်ထွက်လာချိန် ကားမှတ်တိုင်နားမှာ အမေရိကန် နှစ်ယောက်နဲ့ တွေ့လို ဘာရမလဲ.......သိလည်း မသိဘဲနဲ့ အတင်းစကားလိုက်ပြောပြီးကို မေးပစ်ခဲ့တယ် ။

အဲဒီအဒေါ်ကြီးက အကျယ်ချဲ့ပြီး ပြောပြတာ ရှင်းသွားတာဘဲ ။

'' ဖိနှိပ်လွန်းတဲ့အစိုးရကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခရောက်ကြရတယ် ၊ အဲဒါက အာဏာမဲ့ပြည်သူတွေ ( powerlessness ) ရဲ့ အခြေအနေအကျပ်အတည်းကြီး ( prison ) ပေါ့ ၊ အဲဒါကို ရော့...ဒီမိုကရေစီယူစေ ဆိုပြီး ပေးလိုက်တာတော့ဟုတ်ပါပြီ ၊ စားစရာမရှိရင် ဘယ်လိုလုပ်မလဲ ( the pain of an empty stomach ) ။ ဒီတော့ ဖိနှိပ်ခံရမှုဆိုတဲ့ အခြေအနေကြီးကို ဒီမိုကရေစီနဲ့ လဲလိုက်ရုံ ( trade ) နဲ့ မရဘူး ၊ အဲဒီ ဒီမိုကရေစီကို သုံးပြီး ပြည်သူတွေကလည်း အလုပ် လုပ်ရဦးမယ် ၊ တိုတိုပြောရရင်တော့ ဒီမိုကရေစီတခုတည်းက ထမင်းမကျွေးဘူး Democracy alone doesn't feed the people .'' တဲ့ ။ ကဲ......ဘယ်လောက်ကောင်းတဲ့ တင်စားချက်လဲနော် ။

သူများတော့ မသိဘူး။ ကိုယ်သိချင်တာကို သိလိုက်ရလို့ ပျော်တဲ့အမှတ်တရအနေနဲ့ ကိုယ့် facebook မှာ ရေးတာပါ ။

No comments:

Post a Comment

Total Pageviews